ဖိနပ်ပေါက်တဲ့ဒဏ်ကို ဘယ်လိုကာကွယ်မလဲ


ရှူးဖိနပ်၊ ဘွတ်ဖိနပ်နဲ့ ဖိနစ်အသစ်တွေ စီးတဲ့ အခါမှာ အရည်ကြည်ဖုများ ထွက်လာပြီး ခြေထောက်နာဖူး ကြမယ်ထင်ပါတယ်။ ခြေထောက်နာတာကို မခံစားနိုင်လို့ ဘယ်လောက်ပဲ လှပပြီး ကြိုက်နှစ်သက်တဲ့ ဖိနပ်ပဲ ဖြစ်နေပါစေ မစီးတော့ဘဲ ပစ်ထားလိုက်ကြပါတယ်။ ဒါ့ကြောင့် ရှူးဖိနပ်လှလှလေးတွေကို သက်တောင့်သက်သာနဲ့ စီးနိုင်ဖို့ အတွက် ယခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေ အတိုင်း ပြုလုပ်ကြည့်မယ် ဆိုရင်တော့ ဖိနပ်ပေါက်ပြီး ခြေထောက်နာတာကို သက်သာစေတာ တွေ့ရမှာပါ။

(၁) ပလက်စတာကပ်ထားပါ။

ဖိနပ်စီးတဲ့ အခါမှာ နာတဲ့ နေရာကို ကာကွယ်ဖို့ အတွက် ပလက်စတာ ကပ်ထားလို့ ရပါတယ်နော်။ မိမိနာကျင်တဲ့ နေရာကို ကပ်ထားလိုက်ရုံပါပဲ။ ဒီလို ကပ်ထားပြီးမှ ဖိနပ်အသစ်၊ ရှူးဖိနပ်တွေ စီးမယ်ဆိုရင် ခြေထောက်နာတာတွေ မဖြစ်တော့ပါဘူး။

(၂) ဘေဘီပေါင်ဒါမှုန့်ကို အသုံးပြုနိုင်ပါတယ်။

ဖိနပ်ပေါက်တယ် ဆိုတာဟာ ဖိနပ်အနားနဲ့ ခြေထောက် ပွတ်တိုက်မှုကြောင့် ဖြစ်ရတာပါ။ ဒီလို ပွတ်တိုက်မှု လျော့နည်းစေဖို့ အတွက် ဘေဘီပေါင်ဒါမှုန့်ကို အသုံးပြုပြီး ကာကွယ်နိုင်ပါတယ်။ ဖိနပ်အတွင်းသို့ ဘေဘီပေါင်ဒါမှုန့် အနည်းငယ် ထည့်လိုက်ပြီး စီးမယ် ဆိုရင်တော့ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ဒီနည်းလမ်းကို အသုံးပြုသူများ အနေနဲ့တော့ ခြေထောက်စိုနေလို့ မဖြစ်ပါဘူးနော်။

(၃) Roll-on သုတ်လိမ်းပေးပါ။

ဖိနပ်ပေါက်တဲ့ အခါမှာ ခြေဖနောင့်နဲ့ ခြေချောင်းလေးတွေ နာတာက အဆိုးဆုံးပါပဲ။ နာတဲ့ နေရာတစ်ဝိုက်ကို ချိုင်းချွေးနံ့ပျောက်ဆေးဗူး (roll-on) နဲ့ သုတ်လိမ်းပေးလိုက်ပါ။ ချွေးနံ့ပျောက်ဆေးဗူးမှာ ပါဝင်တဲ့ အမွှေးဆီက ခြေထောက်နာကျင်မှုကို သက်သာစေနိုင်တာကို တွေ့ရမှာပါ။

(၄) ခြေခလယ်နဲ့ခြေသန်းကြွယ်ကို တိတ်နဲ့ကပ်ပါ။

ခြေခလယ်နဲ့ ခြေသန်းကြွယ်ကို စုပြီး တိတ်၊ ပလာစတာနဲ့ ကပ်လိုက်ပါ။ ဒီနည်းလမ်းလေးက ထူးဆန်းဖွယ် ဖြစ်ပေမယ့် တကယ့်ကို အသုံးတည့်တာကို တွေ့ရမှာပါ။ ခြေချောင်းလေးကို စုလိုက်သလို ဖြစ်သွားတာကြောင့် ခြေထောက်နာကျင်မှုကို သက်သာစေပါလိမ့်မယ်။

(၅) တင်းကြပ်လွန်းတဲ့ဖိနပ်မစီးပါနဲ့။

ဖိနပ်တင်းကြပ်လွန်းတာကြောင့် ခြေထောက်နာတဲ့ သူများအတွက်ကတော့ ဖိနပ်အနည်းငယ် ကျယ်သွားစေဖို့ ပြုလုပ်တဲ့ နည်းလမ်းလေးရှိပါတယ်။ ပလက်စတစ်အိတ်ထဲသို့ ရေဖြည့်ပြီး တင်းကြပ်စွာစည်းလိုက်ပါ။ ထို့နောက် ရှူးဖိနပ်ထဲကို ရေအိတ်ကလေး တစ်အိတ်စီ ထည့်ပြီး ရေအေးခဲနိုင်ဖို့ အတွက် အအေးပုံး၊ ဒါမှမဟုတ် အအေးခံစက်မှာ ဖိနပ်ကို ထည့်ထားလိုက်ပါ။ အေးခဲသွားတဲ့ ရေက ဖိနပ်ကို ကျယ်ပြန့်သွားစေတာကို တွေ့ရမှာပါ။

စံပယ်(ရွှေအင်းလေး)
Previous
Next Post »