ဒီမိုကရေစီနိုင်ငံအသီးသီးမှာတော့ လူသားတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာကြလေ့ ရှိပါတယ်။ အခုလည်း တရားခံအဖြစ် ရဲတပ်ဖွဲ့ကနေ လောလောလတ်လတ် အဖမ်းခံခဲ့ရတဲ့ Brandon Thompson ဟာ သူ့ကို ရဲကားပေါ်မတင်ခင်မှာ ချစ်သူကို လပ်ထပ်ခွင့်လေးတော့ တောင်းပါရစေဆိုပြီး ခွင့်တောင်းခဲ့ပါတယ်။
Brandon ဟာ အမေရိကန် အိုကလာဟိုးမားမှာ နေထိုင်ပြီး၊ တရားရင်ဆိုင်ရန် ပျက်ကွက်မှု၊ တရားရုံးချမှတ်ထားတဲ့ ဒဏ်ငွေ ပေးဆောင်ရန် ပျက်ကွက်မှုတွေအတွက် ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာပါ။ သူက ချစ်သူကို လက်ထပ်ခွင့်တောင်းပါရစေ ပြောတော့ ရဲအရာရှိတွေက လေးလေးစားစားခွင့် ပြုခဲ့ပါတယ်။
အသက် 35 နှစ်ရှိပြီဖြစ်တဲ့ Brandon ဟာ ချစ်သူ Leandria Keith ရှေ့မှာ လက်ထိပ်တန်းလန်းနဲ့ မည်သည့်အဆောင်အယောင်မျှ မပါဘဲ၊ ဒူးထောက်ထိုင်ချကာ လက်ထပ်ခွင့် တောင်းခံခဲ့ပါတယ်။ Keith ကလည်း ခွင့်ပြုကြောင်း ပြောကြားပြီး၊ အနမ်းတွေနဲ့ အသိအမှတ် ပြန်ပြုခဲ့ပါတယ်။
Brandon က CBS သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ ” ကျနော့်ရင်ထဲမှာ ဘယ်လိုခံစားနေရတယ်ဆိုတာ သူ့ကို တစ်ခွန်းမှ မပြောပဲနဲ့တော့ မထားခဲ့နိုင်ပါဘူး “လို့ ဖွင့်ဟခဲ့ပါတယ်။ သူက ဆက်လက်ပြီး ” သူ့ကို ကျနော့်ဘ၀တစ်လျှောက်လုံးအတွက် ဇနီးမယားတစ်ယောက်အဖြစ် နှစ်နှစ်ကာကာ ဆန္ဒရှိခဲ့တာပါ “လို့ ပြောခဲ့ပါတယ်။
ရဲအရာရှိ Lincoln Anderson က ” သူက သူရဲ့ အမျိုးသမီးကို လက်ထပ်ခွင့် တောင်းလို့ ရနိုင်မလားလို့ မေးတော့ ဒါက ကျနော်တို့ကို အံ့အားသင့်စေပါတယ် … အခုတော့ သူ အာမခံနဲ့ ဒဏ်ငွေဆောင်ပြီး လွှတ်လိုက်ပါပြီ … ဒီပိုက်ဆံက သူနဲ့ သူ့အမျိုးသမီးတို့ ခြစ်ခြစ်ကုတ်ကုတ်နဲ့ စုထားတဲ့ပိုက်ဆံတွေလို့ သိရပါတယ် … “လို့ ပြန်လည်ဖောက်သည်ချခဲ့ပါတယ်။
Brandon ဟာ သူရဲ့ မိခင်အိမ်မှာ Keith နဲ့အတူ နေထိုင်ကြပြီး၊ သားသမီးသုံးယောက် ထွန်းကားထားပါတယ်။ အခုအချိန်ထိတော့ တရားဝင် လက်ထပ်ပွဲ ဆင်နွှနိုင်ခြင်း မရှိသေးပဲ၊ မကြာမီမှာ လက်ထပ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ သူတို့နှစ်ယောက်ရဲ့သတင်းကလည်း အမေရိကန်မှာတော့ အလွန်နာမည်ကြီးသွားခဲ့ပါတယ်။
Source – နတ်စည်တော် (Shwemom)
ConversionConversion EmoticonEmoticon