မန်မာလူ့အသိုင်းအ၀ိုင်းမှာ လူ့အခွင့်အရေး (Human Right) တို့၊ ဘာတို့နဲ့ မရင်းနှီးသေးတဲ့ အခါကျတော့ ခွဲခြားဆက်ဆံမှု့ (Discrimination) အနည်းငယ် ရှိတတ်ကြပါတယ်။ အဆိုပါခွဲခြားမှု့တွေထဲမှာ မိန်းမလျာ (Gay) တွေအပေါ် ခွဲခြားမှု့လည်း ပါဝင်ပါတယ်။ တကယ်တော့ မိန်းမလျာတွေဟာ နှိမ်စရာလူတန်းစားတစ်ရပ် မဟုတ်ပါဘူး။
ရွေးချယ်ခဲ့တဲ့ဘ၀လား
တကယ်တော့ မိန်းမလျာတွေဟာ ရွေးချယ်ချယ်ခွင့်ရှိခဲ့ကြသူတွေ မဟုတ်ပါဘူး။ မိန်းမလျာတွေမှာ Pseudo-homosexuality နဲ့ homosexuality ဆိုပြီး အမျိုးအစားနှစ်မျိုးရှိပါတယ်။ Pseudo-homosexuality ဆိုတာက အတုအယောင်စိတ်တစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု့ကြောင့် (ဥပမာ မိန်းကလေးတွေကြား အနေများတာကြောင့်) မိန်းမလျာဖြစ်နေသူတွေဖြစ်ပါတယ်။ သူတို့ကိုတော့ ယောက်ျးစစ်စစ်အဖြစ် ပြန်လည်ပြုပြင်လို့ရနိုင်ပေမယ့် homosexuality ကတော့ ယောက်ျားခန္ဓာကိုပိုင်ဆိုင်နေပေမယ့် မျိုးဗီဇကိုက မိန်းကလေးစိတ်ပါဝင်လာတာမို့ ဆေးပညာအရ ဒါကိုကုသနည်း မရှိသေးပါဘူး။ ဒါကြောင့် ဒီလိုမျိုးမိန်းမလျာတွေဟာ ရွေးချယ်ခွင့်မရှိတဲ့သူမျိုးတွေဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှု့တွေကို ခံနိုင်စွမ်းမရှိသူ၊ မ၀ံ့ရဲသူတွေကတော့ အပုန်းအဖြစ် မိန်းမလျာဆိုတာ လူသိမခံပဲ ရှင်သန်ကြပါတယ်။

ဆွေမျိုး၊ ပတ်ဝန်းကျင်မှာ မိန်းမလျာရှိရင် ဘယ်လိုကူညီမလဲ
မိမိပတ်ဝန်းကျင်နဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းများကြားမှာ မိန်းမလျာတစ်ဦးရှိတဲ့အခါ သူ့ကိုဝိုင်းဝန်းဝေဖန်ပြစ်တင်ခြင်းက လမ်းမှားကိုတွန်းပို့သလိုသာဖြစ်စေပြီး သူ့ဘ၀ကိုပြောင်းလဲလို့ရမှာ မဟုတ်ပါဘူး။ သူ့ကိုပညာတတ်အောင်သင်စေပြီး အသိဥာဏ်ရှိအောင် ကူညီပေးရပါမယ်။ ကျန်းမာရေးအသိ၊ လူမှု့ရေးအသိပြည့်စုံတဲ့ ပညာတတ်မိန်းမလျာတစ်ယောက်ဟာ လူရိုသေ၊ ရှင်ရိုသေ ဘ၀ကိုရှင်သန်နိုင်ပါတယ်။ ခပ်ပေါပေါ မြန်မာကားထဲက မိန်းမလျာ (အခြောက်) တွေလို မဟုတ်တဲ့ ပညာတတ်မိန်းမလျာတွေ ပြင်ပလောကမှာ အများကြီးရှိပါတယ်။

ရွံစရာလား
တစ်ချို့သော ခွဲခြားစိတ်ပြင်းထန်သူတွေဟာ မိန်းမလျာတွေကို ရွံစရာ၊ ကြောက်စရာအဖြစ် ဆက်ဆံတတ်ကြပါတယ်။ တကယ်တော့ သူတို့ဟာ မိန်းမဖြစ်လိုတာကြောင့် အလှလည်းကြိုက်တတ်ပြီး၊ မွှေးမွှေးကြိုင်ကြိုင်၊ လှလှပပ၊ သန့်သန့်ရှင်းရှင်းနေမှာ ဖြစ်ပါတယ်။ ပညာတတ်မိန်းမလျာတွေဟာ ကျန်းမာရေးအသိရှိပြီး၊ တစ်ကိုယ်ရည်သန့်ရှင်းမှု့ကိုလည်း ဂရုစိုက်မှာမို့ သူတို့ကိုရွံပါတယ်ဆိုတဲ့ သူတွေထက် ပိုမိုသန့်ရှင်းကျန်းမာနေမှာ ဖြစ်ပါတယ်။

ယုတ်ညံ့သလား
တစ်ချို့ကပြောပါတယ် မြင့်မြတ်တဲ့ ယောက်ျားဘ၀ကို စွန့်လွှတ်တယ်ဘာညာနဲပေါ့။ လူတစ်ဦးတစ်ယောက်ရဲ့ မြင့်မြတ်ခြင်း၊ လူ့လောကကို အကျိုးပြုနိုင်ခြင်းကို ဘာပေတံနဲ့ တိုင်းတာသလဲလို့ ပြန်မေးရပါတယ်။ တကယ်တော့ မိန်းမတွေဟာ ယောက်ျားတွေထက် တစ်ဆင့်နိမ့်လူတန်းစားမဟုတ်သလို၊ မိန်းမလျာတွေဆိုတာလည်း ထိုနည်းလည်းကောင်းပါပဲ။ လူဆိုတာ လူပါပဲဆိုတဲ့ ရှု့ထောင့်က ကြည့်ပေးဖို့ပဲလိုပါတယ်။ မိန်းမလျာတွေဟာလည်း လူ့လောကတွက် အကျိုးပြုနိုင်စရာနည်းလမ်းများစွာ ရှိပါတယ်။
ဒီတော့ ယခင်ကသင့်အမြင်မှာ မိန်းမလျာတွေကို ခွဲခြားဆက်ဆံတတ်သူဆို မခွဲခြားဖို့တိုက်တွန်းလိုက်ပါရစေ။ ဒါကိုသင်သဘောမတူသေးရင်လည်း ကျွန်တော့်ရဲ့ အမြင်အချို့ကို သင်နဲ့မျှဝေရခြင်းအတွက် ကျေနပ်ပါတယ်။
--
လူသားတိုင်း တန်းတူညီမျှ အခွင့်အရေးရကြပါစေ။
--
အောင်ခန်

ConversionConversion EmoticonEmoticon