ကိုယ်ချင်းဆက်အမွှာဆိုသူတွေကို သင်ဟာ သတင်းစာတွေ၊ မီဒီယာတွေထဲမှာ တွေ့ဖူး၊ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှ အမြဲလိုလို တွေ့ရတတ်တဲ့ လူပုဂ္ဂိုလ်မျိုး မဟုတ်တာမို့ သူတို့ရဲ့ ရှင်သန်ပုံအကြောင်းကိုတော့ ထဲထဲဝင်ဝင် သိရှိကြသူ ရှားပါလိမ့်မယ်။ နိုင်ငံတကာမှာတော့ Abigail နဲ့ Brittany Hensel တို့ဟာ လူသိများတဲ့ ကိုယ်ချင်းဆက်အမွှာတွေ ဖြစ်ကြပြီး သူတို့ခန္ဓာကိုယ်နှစ်ခုဟာ ဆက်သွယ်နေသလို ဦးခေါင်းတစ်ခုသာ ကွဲပြားနေတာပါ။ သူတို့လို လူသားတွေရဲ့ကြားမှာ စိတ်ဝင်စားစရာ အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။
ကိုယ်ချင်းဆက်အမွှာတွေဟာ ရှိတော့ရှိပေမယ့် ရှားပါးတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး မွေးဖွားမှု ၂ သိန်းမှာ တစ်ကြိမ်သာ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။ သူတို့တွေထဲက နည်းပါးလှတဲ့ အရေအတွက်သာ အရွယ်ရောက်တဲ့အထိ ကိုယ်ချင်းဆက်အဖြစ် ရှင်သန်နေထိုင်နေကြသလို၊ တစ်ချို့ကတော့ ငယ်ငယ်ကတည်းက ခွဲစိတ်မှုပြုကြခြင်းမျိုးတွေရှိပြီး တစ်ချို့ကတော့ အသက်မရှင်နိုင်ပဲ သေဆုံးသွားရသည်များလည်း ရှိပါတယ်။ သူတို့သေဆုံးရခြင်းရဲ့ အကြောင်းရင်းက အသက်ရလာတဲ့အခါ ကိုယ်ခန္ဓာက အလိုအလျှောက် ဖြစ်ပေါ်လာတဲ့ အရိုးဖွဲ့စည်းပုံ ပြောင်းလဲခြင်းတွေကြောင့်လည်းဖြစ်ပါတယ်။
အချို့သော ကိုယ်ချင်းဆက်အမွှာတွေမှာ ငယ်ငယ်ကတည်းက လူနှစ်ဦးအဖြစ် ခွဲထုတ်ပစ်လိုက်လို့ မရတဲ့ အကြောင်းရင်းကလည်း ခိုင်ခိုင်မာမာ ရှိနေပါသေးတယ်။ အဲ့ဒါတွေကတော့ သူတို့ရဲ့ ကိုယ်တွင်းကလီစာတွေဟာ တစ်စုံစီသာ ပါကြတာမို့ နှစ်ဦးတွဲပြီး ရှင်သန်ဖို့သာ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ခန္ဓာကိုယ်တစ်ခုထဲနဲ့ လူသားနှစ်ဦးလို့ ပြောလို့ရပါတယ်။ ကိုယ်ချင်းဆက်အမွှာညီအမဖြစ်တဲ့ Abby နဲ့ Brittany တို့ရဲ့ ငယ်ဘ၀ဖြတ်သန်းပုံကလည်း မလွယ်ကူခဲ့ပါဘူး။ လူသားနှစ်ဦးဖြစ်သလို စိတ်လည်း ၂ ခုဖြစ်တာမို့ တစ်ယောက်က ဘယ်ဘက်သွားရင်၊ တစ်ယောက်က ညာဘက်သွားမယ်နဲ့ ကလေးစိတ်လည်း ဖြစ်ကြလို့ ညှိမရပဲ ဒုက္ခတွေ့ရတဲ့ အချိန်တွေလည်း အများအပြားပါ။
ဒါပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ သူတို့နှစ်ဦးဟာ သူငယ်ချင်းကောင်း ညီအမတွေ ဖြစ်ခဲ့ကြပါတယ်။ အတူတူ အားကစားလုပ်၊ စာတွေရေး၊ သီချင်းဆို ကခုန်တာတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် သူတို့စိတ်တူကိုယ်တူ မဖြစ်တဲ့ အချိန်အခါတွေလည်း ရှိပါသေးတယ်။ အကြိုက်ဆုံး တီဗီအစီအစဉ်တွေ၊ အ၀တ်အစားတွေ၊ အစားအစာအချို့တွေမှာတော့ သူတို့မတူညီကြပါဘူး။ ဒါ့အပြင် သူတို့ရဲ့ပညာရေးလေ့လာပုံကလည်း စိတ်ဝင်စားစရာပါ။ ဆရာမတစ်ဦးနဲ့အတူ စာအတူတူသင်၊ စာအတူတူကျက်လုပ်ကြပေမယ့် စာမေးပွဲကိုတော့ တစ်လှည့်စီခွဲဖြေကြရပါတယ်။ ဒီလိုအချိန်မှာလည်း တစ်ဦးက တစ်ဦးကို ကူညီပြောပြတာတွေ မရှိရပါဘူးတဲ့။ သူတို့ဟာ Bethel University ကနေ ၂၀၁၂ ခုနှစ်မှာ ဘွဲ့ရခဲ့ကြပါတယ်။
သူတို့မှာ အခြားစိတ်ဝင်စားစရာ အချက်တွေလည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ တစ်ယောက် နေမကောင်းဖြစ်နေပေမယ့် တစ်ယောက်က ကျန်းကျန်းမာမာရှိနေတာမျိုး၊ တစ်ယောက်နဲ့ တစ်ယောက် ၀ါသနာမတူတာမျိုးတွေပါ။ သူတို့နှစ်ဦးစလုံးဟာ စန္ဒယားလည်း တီးတတ်ကြသလို ဆိုင်ကယ်လည်း အတူတူတ စီးလို့ရပါတယ်။ သူတို့ကတော့ လက်ရှိအချိန်မှာ ဆရာမအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေကြပြီး ၅ တန်းကလေးတွေရဲ့ ဆရာမတွေပါ။ ဒီအပေါ်မှာ သူတို့ရဲ့ အမြင်ကတော့ "ကျွန်မတို့ဟာ ဘွဲ့ရနှစ်ဦးဖြစ်တာမို့ အမြင်နှစ်ခုစီ ရှိနေကြမှာပါ။ ဒီအချက်က ကျွန်မတို့ သင်ကြားပေးနေတဲ့ ကလေးတွေအပေါ် ကောင်းကျိုးဖြစ်စေမယ်လို့ ယုံကြည့်ပါတယ်" ဆိုပြီး ပြောခဲ့ပါသေးတယ်။ အများသူငှာနဲ့ ရှင်သန်ရပုံဘ၀ချင်း မတူညီပေမယ့် အဆင်ပြေပြေနဲ့ ကျော်ဖြတ်နိုင်စွမ်းရှိကြသူတွေမို့ လေးစားရပါတယ်။
အောင်ခန်
ConversionConversion EmoticonEmoticon