မြောက်ဒဂုံမြို့နယ်ရှိ အမျက်တော်ပြေဘုရားပေါ်တက်၍ စိန်ဖူးတော် ခိုးယူရန်ကြံစည်သည့် အမျိုးသားအား ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်ရှိ အမျက်တော်ပြေဘုရားပေါ်သို့ အမျိုးသားတစ်ဦးတက်ရောက်ပြီး ဘုရားစိန်ဖူးတော် အားခိုးယူရန် ကြံစည်မှု ဇူလိုင် ၂ ရက် နံနက်ပိုင်းကဖြစ်ပွားခဲ့ပြီး အဆိုပါအမျိုးသားအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့ ဖမ်းဆီးရမိခဲ့သည့် အမျိုးသားမှာ ကျော်မိုးထိုက် (၄၃နှစ်) ဆိုသူဖြစ်ပြီး ဘုရားပေါ်သို့ တက်ရောက်ကာ စိန်ဖူးတော်ခိုးယူရန် ကြံစည်နေစဉ် ၎င်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် နံနက် ၂ နာရီ ခွဲခန့်က မြောက်ဒဂုံမြို့နယ်၊ (၄၂) ရပ်ကွက်၊ ၀ဋ်ကြွေးတော်ပြေဘုရားဝင်း ပရ၀ုဏ်အတွင်းရှိ အမျက်တော်ပြေဘုရားပေါ်သို့ အမျိုးသားတစ်ဦး တက်ရောက်ပြီး ဘုရားစိန်ဖူးတော်အား ဖြုတ်ယူနေသည်ကို အဆိုပါပရိဝုဏ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် သတင်းသုံးနေထိုင်သော သံဃာတော်များနှင့် ယင်း ပရိဝုဏ်အတွင်းနေကြသူများက တွေ့ရှိသဖြင့် ၀ိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဝိုင်းဝန်းဖမ်းဆီးရာ ဘုရားစိန်ဖူးတော် တက်ရောက်ခိုးယူသူမှာ ကျော်မိုးထိုက်ဆိုသူဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် နှစ်လခန့်မှစ၍ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် လာရောက်နေထိုင်သူတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။

“ဒီမှာရှိတဲ့ ဦးဇင်းလေးတစ်ပါးက ည ၂ နာရီလောက်မှာ ဖုန်းဆက်တယ်။ လူတစ်ယောက်စိန်ဖူး တက်ဖြုတ်နေတယ်တဲ့။ အဲဒါနဲ့ ဘုန်းဘုန်းကျောင်းက သံဃာတွေခေါ်ပြီးတော့ သွားတယ်။ ရောက်တော့အပေါ်မှာရှိတဲ့လူကို မင်းဆင်းခဲ့လို့ပြောတော့ သူဆင်းလာတယ်။ ဆင်းလာတော့သူက ဘုန်းဘုန်းတို့ ဒကာမကြီးတစ်ယောက်သားပါ။ သင်္ကြန်ပြီးလောက်ကတည်းက သူကနေစရာမရှိလို့ပါဆိုတော့ ဘုန်းဘုန်းတို့ကျောင်းမှာ လက်ခံထားတာ။ သူ့အမေဒကာမကြီးရဲ့ ကျေးဇူးလည်းရှိတော့။ သူ့ကိုကျောင်းက အလုပ်တွေဘာမှလည်း မခိုင်းဘူး။ ဒီဝါဆိုလောက်ဆိုရင်တော့သူ့ကို ပြန်လွှတ်မလို့ပါပဲ။ ဘုရားရဲ့ ခေါင်းလောင်းပေါ်က စိန်ဖူးရဲ့မဏ္ဍိုင်ကို သူကလှမ်းဆွဲတော့ ခေါင်းလောင်းက မြည်သွားတဲ့အချိန်မှာ အားလုံးသိကုန်တာပါပဲ။ ဘုန်းဘုန်းတို့ဘက်ကလည်း သူ့ကိုတအားကြီးလည်း မဖြစ်စေချင်ပါဘူး။ သက်သက်ညှာညှာပါပဲ။ ပညာပေးအနေအထားနဲ့ နောက်ကျ ဒီလိုလုပ်ရပ်မျိုး ဆက်မလုပ်အောင်လောကလည်း မကောင်းဘူး သံသရာလည်းမကောင်းဘူး။ အဲဒီလိုမျိုး နောက်မဖြစ်အောင်လို့ပဲ ရဲအရေးပိုင်တွေကို ဆိုဆုံးမပေးပါလို့ပဲ ဘုန်းဘုန်းက ဒါပဲ မေတ္တာရပ်ခံချင်ပါတယ်” ဟု ၀ဋ်ကြွေးတော်ဘုရားဝင်းအတွင်းရှိ ကျောင်းတိုက်၏ တိုက်အုပ်ဆရာတော် ဦးသိရိန္ဒက မိန့်ကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ ဘုရားစိန်ဖူးတော်ခိုးယူရန် ကြံစည်သူကျော်မိုးထိုက်အား ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းက (ပ)၁၁၉၁/ ၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၂၉၅/ ၃၇၉/ ၅၁၁ ဖြင့် အမှုဖွင့်ထားပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit – Eleven Media
Previous
Next Post »